- Back to Home »
- ဦးတင့်ဆွေ(UTS) »
- တိုးတက်လာသော ကျွန်တော်တို့ တိုင်းရင်းသားများ
Posted by :
saihlamin
Wednesday, November 13, 2013
တိုးတက်လာသော ကျွန်တော်တို့ တိုင်းရင်းသားများ
Written By Mr.Administrator on Sunday, 7 July 2013 | Sunday, July 07, 2013
၆.၇.၂၀၁၃ရက်နေ့က တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဖတ်ဟိကျေးရွာအနီးရှိ နယ်ခြားစောင့်တပ် အမှတ်(၁၀၀၉)တွင် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သစ်ပင်များ စိုက်ပျိုးရန် မဇ္ဈိမလူမှုကူညီရေးအသင်းအား ဖိတ်ကြားလာသဖြင့် အသင်းသူ/သား စုစုပေါင်း(၁၉)ဦးသွားရောက်ခဲ့ပါတယ်။
ဌာနဆိုင်ရာ
အကြီးအကဲများ စုံစုံလင်လင် တက်ရောက်လာတာတွေ့ရပြီး စိုက်ပျိုးရေး
အစီစဉ်ပြီးဆုံးသောအခါ ရှမ်းတိုင်းရင်းသား တစ်ဦးမှ
သူတို့အပင်စိုက်ချင်ကြောင်း ကျွန်တော့်ကို ပြောလာပြီး အပင်များဘယ်မှာ
ဝယ်ရမလဲလို့ မေးလာပါတယ်။ ကျွန်တော်လဲ အပင်များ ၀ယ်စရာမလိုကြောင်း၊ သစ်တောမှာ အလကားပေးကြောင်း ပြောပြနေစဉ်
ဧည့်ခံကျွေးမွေးချိန်ရောက်လို့ လူကြီးများစောင့်နေကြောင်းကို အသင်းသားများ
လာပြောသောကြောင့် စကားဖြတ်ကာ အပြန်စိုက်မည့်နေရာကို
လိုက်ကြည့်ပေးမယ်ပြောပြီး သူတို့ရွာတွင်စောင့်နေရန် ပြောခဲ့လိုက်ရပါတယ်။
အပြန်တွင်
မိုင်းကိုးကျေးရွာအုပ်စု၊ ဖတ်ဟိကျေးရွာသား ကိုစိုင်းနွဲ့ရှန်
အသက်(၃၀)၀န်းကျင်ခန့် လူငယ်တစ်ဦး အသင့်စောင့် နေပါတယ်။ သူတို့
ဖတ်ဟိဘုန်းကြီးကျောင်းထဲမှာ စိုက်မဲ့အကြောင်း နေရာများလိုက်လံပြပြီး
သူတို့အပင်စိုက်ရန် မြေကျင်းများတူးထားမည်ဟုပြောပါသည်။
ဘာဖြစ်လို့စိုက်ချင်တာလဲလို့
မေးကြည့်သောအခါ ရာသီဥတု မမှန်ရခြင်းအကြောင်းမှာ သစ်ပင်များနည်းသွားခြင်း၊
သစ်ပင်များ ပေါများရန်လိုအပ်ကြောင်းကို သတင်းများကြည့်လို့သိရပြီး တရွာလုံး
သစ်ပင်စိုက်ဖို့ တိုင်ပင်ကြသောအခါ ပျိုးပင်များဝယ်ရမည်၊
စိုက်လို့အပင်ကြီးလာလျှင် အစိုးရမှ လာခုတ်မည်ဟု တရွာလုံးသိထားကြောင်း၊
အခုတောင်မှ အိမ်မှာစိုက်မည်ဟု မပြောရဲကြောင်း၊ ဒါ့ကြောင့် ယခုဘုန်းကြီးကျောင်းတွင် စိုက်ရန်ကို အရဲစွန့်ပြီးပြောလိုက်ရတာဖြစ်ကြောင်းကို ရှင်းပြလာပါတယ်၊
ကျွန်တော်လည်း စောစောက အခမ်းအနားမှာ တာချီလိတ် သစ်တောဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဦးနှင့် မြို့နယ်ဦးစီးအရာရှိ ဦးထွန်းတင်တို့က ကျွန်တော့်ကို ရှင်းပြထားသော အကြောင်းအရာများကို ကျွန်တော်တဆင့်ပြန်လည်ပြောပြခွင့်ရခဲ့ပါတယ်။
စိုက်ပျိုးရန်
ပျိုးပင်များကို သစ်တောက အလကားပေးပါတယ် ဒါပေမဲ့ အပင်တွေရှင်သန်အောင်တော့
အပင်စိုက်သူတွေ တာဝန်ယူရမှာဖြစ်ကြောင်း၊ သစ်တောမှ ယခုနှစ် ပျိုးပင်ပေါင်း
တစ်သိန်းကျော် ပျိုးထားကြောင်းနှင့် စိုက်ပျိုးမည့်နေရာများ
လိုက်လံကြည့်ရှု့ တိုင်းတာပေးခြင်းများ ပြုလုပ်ပေးကြောင်းကို
ရှင်းပြလိုက်သောအခါ ကိုစိုင်းနွဲ့ရှန်မှာ ၀မ်းသာအားရနှင့်
ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ်ပြောနေတာကြည့်ပြီး ၀မ်းသာပီတိဖြစ်မိခဲ့ရပါတယ်။
သူတို့ကို
မြေကျင်းများတူးပြီးလို့ အပင်များသွားယူမည့်အခါ သစ်တောဌာနသို့
လိုက်လံပို့ဆောင်ပေးပြီး အပင်များကိုလည်း
ကျွန်တော်တို့မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကားနှင့်တင်ကာ လိုက်လံပို့ပေးပါမည်ဟု
ပြောဆိုနှုတ်ဆက်ပြီး ကျွန်တော်တို့တိုင်းရင်းသားတွေ ဥတုရာသီ တောကိုမှီသည်ဆိုသော အသိတစ်လုံးကို လက်တွေ့သုံးလာရပြီဟု စဉ်းစားကာ ၀မ်းသာပီတိများစွာနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ခရီးထွက်လာသော မဇ္ဈိမခရီးသွားများ ဖတ်ဟိကျေးရွာလေးမှ(ရင်းလီခပ်)ဆိုသော ကျေးဇူးတင်ကြောင်းပြောဆိုနေ ကြသည့် ရှမ်းတိုင်းရင်းသားတို့ရဲ့ အသံလေးများကို နားထဲပဲ့တင်ထပ်ကာ ကြားနေရင်း နှုတ်ဆက်ထွက်ခွာခဲ့ပါတော့တယ်၊
ဆောင်းပါးရှင်။ ။ UTS~Mizzima
Tachileik Online News ( www.tachileik.net ) မှ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၏ ဆောင်းပါးအား ပြန်လည်၍ ကူးယူဖော်ပြပါသည်။
=-------------=
မဇ္ဈိမလူမှုကူညီရေးအသင်း
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ။