Posted by : saihlamin Thursday, November 14, 2013

Written By Mr.Administrator on Thursday, 20 June 2013 | Thursday, June 20, 2013 မဇ္ဈိမလူမှုကူညီရေးအသင်းကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့မှာ စတင်ဖွဲ့စည်း တည်ထောင်လာခဲ့သည်ဖြစ်ရာ ယခု (၆)လပိုင်းအတွင်း၌ မဇ္ဈိမလူမှုကူညီရေးအသင်းအနေဖြင့် လူမှုအကျိုးသယ်ပိုးထမ်းရွက်ခဲ့သည်မှာ (၆)လပြည့်ခဲ့ပါသည်။


(၆)လကျော်ကာလအတွင်း အသင်းသူ/သူများမှ တက်တက်ကြွကြွ ပါဝင်ကာ လူမှုအကျိုးများကို ဆက်တိုက် စွမ်းဆောင်နိုင်ခဲ့သည်ဖြစ်တာကြောင့် အသင်းဥက္ကဌ ဦးတင့်ဆွေမှ ဂုဏ်ပြုညစာ စားပွဲအဖြစ် အသင်းသူ/သားများအား ဇွန်လ(၁၉)ရက်နေ့ ည(၇)နာရီက ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

ဂုဏ်ပြုဧည့်ခံပွဲ၌ ဥက္ကဌ ဦးတင့်ဆွေမှ ယခုလို ဂုဏ်ပြုညစာ စားပွဲ ပြုလုပ်ပေးရခြင်းကို အောက်ပါအတိုင်း ပြောကြားခဲ့သည်မှာ -

ဒီနေ့ဟာ အသင်းရဲ့(၆)လကျော်ကာလအတွင်းမှာ အောင်မြင်မှုပန်းတိုင် စိုက်ထူတဲ့ နေ့တစ်နေ့ ဖြစ်တယ်၊ ဖြတ်သန်းလာတဲ့ လောကဓံရဲ့ အနိမ့်အမြင့်အားလုံးကို တူညီတဲ့ စိတ်ဓာတ်နဲ့ အတူလက်တွဲခဲ့ကြတဲ့အတွက် ရဲဘော်/ရဲမေ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

အသင်းလပါတ်တွေမှာ ကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာတွေထဲက အသင်းနှစ်ပတ်လည်နေ့ကျရင် ပေးမယ့် မဇ္ဈိမလူမှုသူရဲကောင်းဆုပေးဖို့ အတွက် သူရဲကောင်း” စံ” သတ်မှတ်ချက်တွေ ပြောပြဖို့ရယ်၊ ကျွန်တော်တို့အသင်းရဲ့ သစ္စာအဓိဌာန်(၄)ချက်ရယ်၊ အသင်းလုပ်ဆောင်ချက်တွေရဲ့ ဥာဏ်စမ်း အမေးအဖြေလေးတွေရယ်၊ ရိုးရာပုံးရိုက်ပွဲရယ်၊ ရှေ့ဆက်လုပ်ဆောင်သွားမယ့် အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်သွားပြီး အဓိက ကတော့ အသင်းသူ/သားတွေရဲ့ (၆)လတာကာလအတွင်း ပင်ပန်းမှုတွေ ပြေပျောက်စေပြီး အသင်းသူ/သားတွေအချင်းချင်း ချစ်ခင်နွေးထွေးမှုရှိစေရန် စီစဉ်တဲ့ပွဲလေး ကျွန်တော်ရဲ့ မေတ္တာ၊ စေတနာပွဲလေး တစ်ပွဲပါ။

ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ထဲက ထူးခြားတဲ့ မှတ်တိုင်လေးတွေအကြောင်းပြောပြပါရစေ။

မှတ်တိုင်(၂)ခု
မှတ်တိုင်(၂)ခုပထမဆုံးမှတ်တိုင်ကတော့ လူတစ်ယောက်ရဲ့ သေဆုံးခြင်း မှတ်တိုင်ဖြစ်ပြီး ဒေါ်နန်းဖောင်ရဲ့ မိုင်းဆတ်မြို့ အပြန်လမ်း မေ့မရတဲ့ လွဲမှားအယူအဆတွေကြောင်းပါဘဲ၊
ဒုတိယမှတ်တိုင်ကတော့ မြို့ချင်းတူညီပေမယ့် ကလေးငယ်တစ်ယောက်ရဲ့ လူ့လောကထဲကို ဝင်ရောက်လာခြင်း၊ မိုင်းဆတ်မြို့ရဲ့ အဝင်လမ်း စိတ်ချမ်းသာစွာ သွားရောက်ခဲ့ခြင်းနဲ့ မြို့ချင်းတူပေမယ့် ဆန့်ကျင်ဘက်မတူညီတဲ့ အဖြစ်အပျက်လေးက ကျွန်တော်တို့ အသင်းအတွက် ဘယ်လိုမှမေ့လို့မရတဲ့ မှတ်တိုင်(၂)ခု ဖြစ်စေခဲ့ပါတယ်။

မိုင်းဆတ်မြို့ရဲ့ မြို့ဦးကျောင်းဆရာတော်ဘုရားနဲ့တကွ ဌာနဆိုင်ရာအကြီးအကဲများ ကျေးရွာလူကြီးများ၊ ရွာသူ/သားများရဲ့ နွေးထွေးစွာ ကြိုဆိုမှုကလဲ ကျွန်တော်တို့ မေ့ပျောက်လို့မရအောင် ရင်ထဲထိရောက်စေခဲ့ပြီး အားဆေးတစ်ခွက် ဖြစ်စေခဲ့ပါတယ်။

ဆမ်ဖူးက ဆရာမလေး                ဆမ်ဖူးက မပြန်ဘူးဆိုတဲ့ စေတနာဆရာမလေး နှင်းအိဖြူအကြောင်းပါ။ တကယ်တော့ ဆမ်ဖူးရွာလေးဟာ တစ်ချိန်က အမည်းရောင်နယ်မြေလေးပါ လူသူ အရောက်အပေါက် နည်းပါးပြီး မည်သူမျှ မသွားရောက်ဝံ့တဲ့ နယ်မြေလေးပါ။

ကျွန်တော်သွားရောက်စဉ်က တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးက ကျွန်တော်ရင်ကို ကိုင်လှုပ်သွားစေခဲ့ပြီး ဒီနယ်မြေကို ပြုပြင်သင့်ကြောင်း ကျွန်တော်နားလည်ခဲ့တယ် တကယ်တော့ ရွာသူ/သားတွေရဲ့ ရိုးသားမှု၊ အသိပညာနည်းပါးမှု၊ ပညာအရည်အချင်း နည်းပါးမှုကြောင့် လူတစ်ချို့ရဲ့ လူမျိုးစွဲဝါဒကြောင့် အရောင်ဆိုးခြင်းခံခဲ့ရတာပါ။ ကလေးငယ်တွေအပေါ် ပညာတတ်စေရန် ဆန္ဒပြင်းပြနေသော ရွာသူကြီး ဦးအိုက်ကောင်နှင့် ရွာသားများကို ဆွေးနွေးမေးမြန်းပြီး ဝမ်းသာအားရကျေနပ်စွာဖြင့် ဆရာမလေးကို လာရောက်ပညာသင်ကြားနိုင်အောင် ကူညီပေးမည်ဟု ကတိပေးပြောဆိုခဲ့ပြီး ၄င်းတို့ဘက်မှလည်း ဆရာမလေးအား စိတ်ချမ်းချမ်းသာသာဖြင့် ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် ကူညီဆောင်ရွက်ပေးကြဖို့ ပြောကြားခဲ့ပြီး ပထမအကြိမ်ပြန်လာခဲ့ပါတယ်။

ဒုတိယအကြိမ်တော့ ပညာရေးမှူး ဦးစိန်ထွန်းလှ အပါအ၀င် ဆရာမလေးတို့နှင့်အတူ အသင်းသား အနည်းငယ်ခေါ်ဆောင်ပြီး သွားရောက်လေ့လာစေကာ စာအုပ်စာတမ်းများလှူဒါန်းခဲ့ပါတယ်။ တတိယအကြိမ်မှာတော့ ပညာရေးမှူး၊ ဝမ်ပုံကျောင်းအုပ်ဆရာမကြီး၊ ဆရာမလေးနှင်းအိဖြူနှင့်အတူ အသင်းသူ/သား(၄၅)ဦးတို့နှင့်အတူ ဆပ်ဖူးရွာသို့ ဆရာမလေးအား သွားရောက်ပို့ဆောင်ခဲ့ပြီး ဆရာမလေးအား လိုအပ်သည်များပေးပို့လှူဒါန်းခဲ့ပြီး အသက်(၁၀၀)နှစ် အဖွားအိုနှင့် ရှေ့ဟောင်းဘုရားတို့ကို သွားရောက်ဖူးမျှော်ခဲ့တာလည်း တကယ်မှတ်တိုင်ပါ။ ဘာလို့လဲဆိုတော့ တစ်ချိန်က အမည်းရောင်နယ်မြေကို အဖြူရောင်ဖြစ်အောင်၊ လူတွေအဖြူရောင်အဖြစ်မြင်အောင် ကျွန်တော်တို့ အသင်းကြီးက စွမ်းဆောင်ခဲ့နိုင်ခဲ့လို့ပါဘဲ။

ဒီအကြောင်းအရာတွေအတွက် ဒီပွဲလေးကို ပြလုပ်ပေးတာပါ။ နှစ်ပါတ်လည် အတွက်လည်း အတွေ့အကြုံရရှိအောင် အကြိုပွဲလေးတစ်ပွဲဖြစ်ပါတယ်။ နောက်(၃)လအကြာ ကျွန်တော့်အသက် (၄၈)နှစ်ပြည့်တဲ့ အခါလဲ တစ်ကြိမ်ပြုလုပ်ပေးပါဦးမည်။

အသင်းအတွက် နှစ်ပါတ်လည်နေ့မှာ မဇ္ဈိမလူမှုသူရဲကောင်း “စံ”လေးကတော့…

  • (၁) နာရေးအကြိမ် အများဆုံး လိုက်နိုင်ခဲ့သော အသင်းသား/သူ
  • (၂) လုပ်အားပေး/သန့်ရှင်းရေး အများဆုံး လိုက်နိုင်ခဲ့သော အသင်းသား/သူ
  • (၃) အသင်းအတွက် တာဝန်ထမ်းဆောင်ရာတွင် အသင်းယူနီဖောင်းအား အမြဲတမ်းဝတ်ဆင်သော အသင်းသား/သူ
  • (၄) အသင်းအတွက် စွမ်းစွမ်းတမံ အသင်း၏ ဆောင်ပုဒ်နှင့်အညီ ပေးဆပ်ခဲ့သော အသင်းသား/သူ
  • (၅) အသင်းအတွက် သွေးအများဆုံးလှူဒါန်းခဲ့သော အသင်းသား/သူ


ဦးတင့်ဆွေ ( ဥက္ကဌ )
မဇ္ဈိမလူမှုကူညီရေးအသင်း

ဥက္ကဌ ဦးတင့်ဆွေမှ အထက်ပါအတိုင်း ပြောကြားပြီးနောက် မဇ္ဈိမလူမှုကူညီရေးအသင်း၏ တက်သစ်စ လူငယ်(၅)ဦးမှ ခေတ်ပေါ်အကဖြင့် ကပြဖျော်ဖြေပြီးနောက် ညစာ သုံးဆောင်ခဲ့ကြသည်။ ထို့နောက်တွင် အသင်း၏ (၆)လကျော် ကာလအတွင်း ဆောင်ရွက်ခဲ့သော လူမှုအကျိုးပြုလုပ်ငန်းများထဲမှ အသင်းသူ/သားများအနေဖြင့် ပြန်လည်၍ ဥာဏ်စမ်းပဟေဋိ မေး/ဖြေ ပြုလုပ်ကြရာ အသင်းသူ/သားများ မှ ပျော်ပျော်ပါးပါး မေး/ဖြေ ခဲ့ကြသည်။
{  ဦးကျော်နိုင်ထွန်း(ရွှေဥယျာဉ်) မိသားစုမှ (၁၀၀၀၀)ဘတ် လှူဒါန်း }
{ ဦးအောင်မျိုးဝင်း(ကွမ်းပစ္စည်း)မိသားစုမှ (၂၀၀၀)ဘတ် လှူဒါန်း }
အဆိုပါ ဂုဏ်ပြုပွဲ၌ ရွှေဥယျာဉ် - ကဖေး မှ ဦးကျော်နိုင်ထွန်း ဇနီး ဒေါ်ကေသီအောင် သမီး ဆုလှိုင်လှိုင်ထွန်း၊ သမီးငယ် ဇင်ဝေေ၀ထွန်း မိသားစုမှ မဇ္ဈိမလူမှုကူညီရေးအသင်းအား လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဘတ်ငွေ(၁၀၀၀၀) နှင့် ဦးအောင်မျိုးဝင်း(ကွမ်းပစ္စည်းဆိုင်) ဇနီး ဒေါ်စိုးဥမ္မာတို့က အလှူငွေ (၂၀၀၀)ဘတ်တိတိတို့ကို ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက်မှာတော့ သံပုံးရိုက်ကစားနည်းများ နှင့် အသင်း၏ သီချင်းများအား ပျော်ပျော်ပါးပါးသီဆိုကြပြီးနောက် ဂုဏ်ပြုညစာ စားပွဲမှာ တစ်ဦးနှင့်တစ်ဦးပျော်စရာများဖြင့် အတိဖုံးလွှမ်းသွားကာ ပြီးမြောက်စေခဲ့သည်။
ပုံများကိုကြည့်ရန်
မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -