- Back to Home »
- မှတ်တိုင်များ , ဦးတင့်ဆွေ(UTS) »
- နှုတ်မဆက်ပဲ "သာဓု...."ခေါ်၍ အသက်ထွက်သွားသော ဒေါ်နန်းဖောင်
Posted by :
saihlamin
Thursday, November 14, 2013
အကူညီတောင်းခံလာသည့် အချိန်မှာ နယ်စပ်ဖြတ်ကျော်တံတားမှာ ပိတ်ထားချိန်ဖြစ်တဲ့ အတွက်ကြောင့် နောက်တစ်နေ့ဖြစ်တဲ့ ဧပြီလ(၁၁)ရက်နေ့ နံနက်(၇)နာရီခွဲမှာ လာရောက်ခေါ်ယူကာ ပို့ဆောင်ပေးမည်ဟု ပြန်လည်ပြောဆိုလိုက်ပါသည်။
(၁၁.၄.၂၀၁၃)ရက်နေ့တွင် ချင်းရိုင်းမြို့မှ မယ်ဆိုင်မြို့သို့ နံနက်(၇)နာရီ (၃၀)မိနစ်ခန့်တွင် ရောက်ရှိနေပြီဖြစ်ပါ၍ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အသင်းသား တစ်ဦးဖြစ်သူ မောင်အောင်သူ(ခ) မောင်ဘာသဲလ်သည် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁)တံတား၌ နယ်စပ်ကူးလက်မှတ်ပြုလုပ်ပြီး ကျွန်တော် တစ်ဦးတည်းသာ အသုံးပြုနေသော (Surf) အဖြူရောင် ကားနှင့် သွားရောက် ခေါ်ယူပြီး မိုင်းဆတ်မြို့သို့ ပို့ဆောင်ပေးစေခဲ့ပါသည်။
ဆက်လက်၍ နံနက်(၉)နာရီ (၃၀)မိနစ်တွင် တာချီလိတ်မြို့မှ စတင်ထွက်ခွာခဲ့ပြီး ကားပေါ်တွင် လူနာဖြစ်သူ ဒေါ်နန်းဖောင်အား အောက်ဆီဂျင် ပိုက်များတပ်ထားတာကို တွေ့ရှိရ၍ ကား၏ နောက်ခန်းတွင် သူ၏ သားဖြစ်သူ မောင်ထွန်းထွန်းလွင် နှင့် ရှေ့ခန်းတွင် သမီးဖြစ်သူ တို့ လိုက်ပါသွားကြောင်း သိရှိရပါသည်။
မိုင်းဆတ်မြို့အနီး လွယ်ဆမ်ဆောင်တောင်သို့ မရောက်မီ မြေပြန့်တစ်နေရာသို့ အရောက် (၁၀း၄၅)နာရီအချိန်ခန့်တွင် သားဖြစ်သူ မောင်ထွန်းထွန်းလွင်မှ မိခင်ဖြစ်သူအား ဝေဒနာမခံစားရလေအောင် ဗုဒ္ဓတရားတော်များကို မိခင်နာယူ မှတ်သားပြီး ဝေဒနာကို ကျော်ဖြတ်နိုင်ရန် ဖွင့်ပေးထားပါသည်။
ဖွင့်ပေးထားသော တရားပြီးဆုံးချိန်၌ သာဓု... သာဓု.... ( x ).... နောက်ဆုံး သာဓုခေါ်ချိန်နှင့်အတူ တစ်ပြိုက်နက် အသက်ထွက်သွားကြောင်း သိရှိရပါသည်။
ထို့နောက် နေ့လည်(၁၁း၄၅)နာရီအချိန်တွင် မိုင်းဆတ်မြို့ရှိ ဒေါ်နန်းဖောင်၏ နေအိမ်သို့ရောက်ရှိခဲ့ပြီး (၁၂)နာရီခန့်တွင် ကိုအောင်သူမှ တာချီလိတ်မြို့သို့ ဆက်လက်ထွက်ခွါလာပြီး နေ့လည် (၂)နာရီအချိန်ခန့်တွင် တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များသည် လူမှုအသိုင်းအ၀ိုင်းကြားတွင် ဖြစ်နေကြပုံစံများပဲဟု ကျွန်တော့်ရင်ထဲမှာ လက်ခံ၍ မရပါ။ ကျွန်တော် ဥာဏ်မှီသလောက် စဉ်းစားမိတာက မိခင်၏ နောက်ဆုံး ခရီးတွင် သားဖြစ်သူ မောင်ထွန်းထွန်းလွင်လို တိုင်းရင်းသား လူငယ်တစ်ဦးမှ တရားခွေဖွင့်ပေး တတ်ခဲ့ခြင်း၊ မိခင်ဖြစ်သူ ဒေါ်နန်းဖောင်(ကွယ်လွန်)မှလည်း တရားကို အာရုံပြု နာနေခြင်း၊ တရားပြီးဆုံးချိန် သာဓု... သာဓု.... ( x )....သုံးကြိမ်မြောက်တွင် အသက်ထွက်ခြင်းများ၊ သေဆုံးသူ၏ မျက်နှာသွင်ပြင်သည် ပြုံးယောင်သမ်း၍ အေးချမ်းညင်သာစွာ အသက်ထွက်သွားပုံများသည် သာမာန်မဟုတ်ဟု ထင်မြင်ယူဆမိပါသည်။
တိုင်းရင်းသားတစ်ယောက်ဖြစ်သော မောင်ထွန်းထွန်းလွင်သည် မိခင်၏ နောက်ဆုံးခရီးကို တရားခွေဖွင့်ပေးပြီး ဘ၀ကူးကောင်းရန် ဆောင်ရွက်ပေးသွားမှုများကို မလေးစားပဲ မနေနိုင်ပါ။ လေးစားပါတယ် ညီလေး မောင်ထွန်းထွန်းလွင်..... ညီလေးလို သား သမီးတွေ ကိုယ်တို့နိုင်ငံမှာ အများကြီးပေါ်ထွန်းပါစေ....
မိခင် ဒေါ်နန်းဖောင်သည်လည်း မိမိ၏ နောက်ဆုံး ခရီးကို တရားတော်ပေါ်၌သာ အာရုံပြုသွားခြင်းများသည် တရားနှင့် အမြဲတမ်းထိတွေ့ဖူးသည့် အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ကြောင်းကို ပြသွားခဲ့ပါသည်။ တစ်ချို့မိခင်များသည် သားသမီးများမှ နောက်ဆုံးဝေဒနာခံစားနေရသည်ကို မကြည့်ရက်၍ တရားခွေများ ဖွင့်ပေးသည်ကို ဆူဆူညံညံနှင့် ပိတ်ပစ်လိုက်ဟု ပြောကြောင်း ကြားခဲ့ဖူးပါသည်။ တရားနာသော အလေ့အကျင့်မရှိသူကို သေဆုံးကာနီးမှ တရားခွေဖွင့်ပေးထားလျှင် ထိုသို့ ပြောဆိုပါလိမ့်မည်။ ထို့ကြောင့် ဒေါ်နန်းဖောင်လို တရားနှင့် သေဆုံးနိုင်ခြင်းကို လေးစားချီးကျူးမိပါသည်။
ကောင်းရာဘုံဘဝ ရောက်ပါစေ......
ကျွန်တော်ကားကို မောင်း၍ လိုက်ပါပို့ဆောင်ပေးသူ အသင်းသား
ကိုအောင်သူ(ခ)ကိုဘာသဲလ်အား ဒေါ်နန်းဖောင်၏ သမီးဖြစ်သူမှ
ကျေးဇူးအထူးတင်ကြောင်းကို အကြိမ်ကြိမ် ရှိခိုးကန်တော့၍ ပြောကြားနေပြီး
ကားဆီဖိုးနှင့် အသင်းအတွက် အလှူငွေဟု ပြောဆိုကာ ထိုင်းဘတ်ငွေ တစ်ထောင်တန်
(၂)ရွက်နှင့် ကျပ်ငွေ မည်မျှမှန်းမသိကို ပေးအပ်လာရာ မောင်အောင်သူမှ
ကျွန်တော်အသင်းသား အနေဖြင့် ၎င်းအလှူငွေကို လက်ခံလို့မရကြောင်း အလှူငွေသည်
ရုံးခန်းဖွင့်လှစ်ထားသော အမှတ်(၇၅) ၀န်းကျောက်၊ ဟောင်လိတ်ကျေးရွာအုပ်စု၊
တာချီလိတ်မြို့ ရုံးခန်းတွင်သာ အလှူငွေလက်ခံကြောင်းနှင့် နာရေးရှင်များမှ
အလှူငွေမပေးလှူလျှင်လည်း ဘာမှမဖြစ်ကြောင်း ကျွန်တော်တို့ အသင်းအနေဖြင့်
အခကြေးငွေမယူ လူမျိုးဘာသာ ဆင်းရဲချမ်းသာ မခွဲပဲ မိမိတို့ တာဝန်ယူနိုင်သော
ဘက်မှ အစွမ်းကုန်ပေးဆပ်နေသော အသင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုသို့ စိတ်ရှည်စွာဖြင့် နာရေးရှင်များကို အိမ်အရောက်ပို့ပေးခဲ့ပြီး
အသင်း၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းပြပေးခဲ့သော ကိုအောင်သူ(ခ)
ကိုဘာသဲလ်အား ဂုဏ်ယူလေးစားစွာဖြင့် အသင်း၏ သမိုင်းတွင်
မှတ်တမ်းတင်ထားအပ်ပါသည်။
ဦးတင့်ဆွေ
( ဥက္ကဌ )
မဇ္ဈိမလူမှုကူညီရေးအသင်း

