Posted by : saihlamin Wednesday, November 13, 2013

မဲခေါင်မြစ်ကမ်းနဘေးက အပယ်ခံလူသား ( သတင်းဆောင်းပါး )

Written By Mr.Administrator on Monday, 5 August 2013 | Monday, August 05, 2013

ကျွန်တော်တို့ မဇ္ဈိမလူကူညီရေးအဖွဲ့သားများသည် အသင်းတာဝန်တစ်ခုဖြင့် မဲခေါင်မြစ် ကမ်းနဘေး မိုင်းဖုန်းကျေးရွာအုပ်စုထဲက ပါဆာ/ဆမ်ဖူး ရွာလေးတစ်ရွာသို့ 18-7-2013 ကြာသပတေးနေ့က ရောက်သွားခဲ့ပါသည်။ အသင်းတာဝန်များပြီးဆုံး၍ တာချီလိတ်သို့ ပြန်မည့်အချိန်တွင် ထိုရွာမှ တာဝန်ရှိသူတစ်ဦး ပြောလာသည်မှာ သူတို့ရွာနှင့် မလှမ်းမကမ်း သစ်ခေါက်ခြံထဲတွင် စိတ်ဝေဒနာရှင် လူငယ်တစ်ဦးအား ခြေထောက်ကို သံကြိုးချည်ထားသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် အဲဒီလို ဝေဒနာရှင်မျိုးအား အကိုတို့မဇ္ဈိမလူကူညီရေးအသင်းမှ အကူအညီပေးသလားဟု ပြောလာပါသည်။

{ သံချောင်းတန်းလန်းဖြင့် တွေ့မြင်ရပုံ}
ကျွန်တော်လည်း သေချာအောင် နောက်တစ်ခါထပ်မေးလိုက်ပါသည်။ သေချာနားထောင်ပြီးမှ သူ့ကိုပြန်ပြောပြရပါတယ် တတ်နိုင်သမျှ ကျွန်တော်တို့ ကူညီပေးပါ့မယ် ဒါပေမယ့် အရင်သွားကြည့်ကြမယ်ဟု ပြောလိုက်ပြီး ထိုရွာလေးမှ (၁၀)မိနစ်ခန့် ကားမောင်းသွားလိုက်သောအခါ သစ်ခေါက်ခြံထဲသို့ အ၀င်လမ်းသည် ကားမောင်းဝင်၍မရသော လမ်းကျဉ်းလေး ဖြစ်နေတဲ့အတွက် လမ်းဘေးတွင် ကားများကိုရပ်ခဲ့ကာ (၅)မိနစ်ခန့် လမ်းလျှောက်လိုက်ရင်ဖြင့် တွေ့ရပါပြီ (၃)ဧကလောက် ကျယ်ဝန်းမည့် သစ်ခေါက်ခြံကြီးထဲတွင် တဲကလေးတစ်လုံး ဖြည်းဖြည်းချင်းဆက်၍ လမ်းလျှောက်သွားရာ အနားရောက်တော့ ရုပ်ရည်သန့်သန့်ပြန့်ပြန့်နှင့် လူငယ်တစ်ဦး ခြေထောက်အား သံကြိုးချည်ထားသည်ကို တွေ့လိုက်ရသောအခါ ရင်ထဲမှာ စို့နင့်စွာခံစားလိုက်ရပြီး စိတ်မကောင်းဖြစ်မိလိုက်ပါသည်။

ချက်ချင်းအသိဝင်ကာ စိတ်ထိန်း၍ ``ဪ...၀ဋ်ကြီးလိုက်တာ ညီလေးရာ´´ဟုစိတ်ထဲမှာပြောနေမိပါ သည်။

သူ့အနားရောက်၍ သေချာ ကြည့်လိုက်သောအခါ ထိုလူငယ်မှပြုံးပြပါသည်။ ကျွန်တော်တို့အဖွဲ့လည်း တတ်သလောက် မှတ်သလောက် ရှမ်းဘာသာစကားဖြင့် နေကောင်းလား၊ ထမင်းစားပြီးပြီလား၊ တစ်ယောက်တည်းလား စသည်ဖြင့် အာလာပ၊ သလာပ စကားများပြောရာ ကျွန်တော်တို့က စကား တစ်ခွန်းပြောလျှင် သူပြန်ပြောနေတာက စကားအခွန်းပေါင်းမြောက်များစွာ ကျွန်တော်တို့လည်း သိတဲ့ဟာသိ မသိတဲ့ဟာ မသိနဲ့ တော်တော်လေး ချွေးပြန်ခဲ့ရတဲ့ အချိန်ပေါ့ (ကြားဖြတ်ပေါ်လာသော ဖြစ်စဉ်ဖြစ်ခြင်းကြောင့် ရှမ်းဘာသာစကားကျွမ်းကျင်စွာပြောတတ်သူကို ခေါ်မလာမိခြင်းဖြစ်ပါသည်။) သူ့ကို ဒီတဲလေးမှာနေတာ ဘယ်နှနှစ်ရှိပြီလဲမေးတော့ (၂၆)နှစ်ဟုပြောပါသည်။ အသက် ဘယ်လောက်ရှိ ပြီလဲမေးတော့ (၂၅)နှစ်တဲ့ ဒီစကားကိုတော့ ကျွန်တော်လဲကောင်းကောင်း နားလည်လိုက်ပါတယ်။ အသက် က(၂၅)နှစ် နေတာက(၂၆)နှစ်ဆိုတော့ သူပြောချင်တာတွေလျှောက်ပြောနေတာဘဲ...။ စောစောကလည်း သူပြောချင်တာတွေလျှောက်ပြောနေတာဖြစ်မှာဘဲဆိုပြီး တွေးမိလိုက်ပါတယ်။
{ ကိုအောင်သူမှ ဆေးလိပ်တိုက်နေစဉ်}

ကျွန်တော်လည်း ရှမ်းပြည်ရောက်တဲ့ (၁၉)နှစ်တာ ကာလအတွင်း တတ်ထားသမျှ ရှမ်းစကား အကုန်ပြောပစ်တာ ဘာမှပြောစရာမကျန်တော့ဘူး ဆက်လဲမပြောတတ်တော့ဘူး အဲ့ဒါနဲ့ သူ့ကိုကြိုးချည်ထားတဲ့ သစ်ခေါက်ပင်ကို ဗွီဒီယိုရိုက်ဖို့ပြောလိုက်ရာ သံကြိုးဖေါက်၍ချည်ထားသော သစ်ပင်မှာ အသားတက်၍ ပိတ်နေပါပြီ စိတ်မကောင်းစရာပါ။ (ကျွန်တော်တို့ မှတ်တမ်းတင်ခဲ့သော ဓါတ်ပုံများနှင့် ဗွီဒီယိုဖိုင်ကို ပူးတွဲဖော်ပြထားပါသည်။)

ကျွန်တော်နှင့်အတူ ပါလာသော မဇ္ဈိမလူမှုကူညီရေးအသင်းသား မောင်ဘာသဲလ်(ခ)ကိုအောင်သူကို ထိုလူငယ်အား ဆေးလိပ်မီးညှိ့တိုက်ရန်နှင့် အနားတွင်ကပ်၍ သွားထိုင်ပေးရန် ချော့ပြောလိုက်ပြီး မိမိရရ ဓါတ်ပုံအမြန်ရိုက်လိုက်ပါတယ်၊ Ipad နှင့် ရိုက်လိုက်တာဖြစ်သောကြောင့် ရိုက်ပြီးသော ဓါတ်ပုံကို ထိုလူငယ်အား ပြန်ပြရာ ချက်ချင်းမျက်လုံးအကြည့်များပြောင်းသွားသည်ကို သတိထားလိုက်မိသည်။ ကျွန်တော်လည်းချက်ချင်း ကိုအောင်သူအား အနားမှအမြန်ထလာရန်ပြောပြီး ထိုစိတ်ဝေဒနာရှင် လူငယ်အားကောင်းမွန်စွာနှုတ်ဆက်၍ ခြံထဲမှထွက်ခွါလာခဲ့ပါတော့သည်။

တာချီလိတ်မှာလည်း အာဇာနည်နေ့အခမ်းအနားအစီအစဉ်ရှိနေသောကြောင့် သူ့မိဘများနှင့်မတွေ့  ဖြစ်တော့ဘဲ ချက်ချင်းပြန်လာလိုက်ရပါသည်။

ထိုလူငယ်အကြောင်း အကျဉ်းချုံးသိရသည်မှာ စိတ်ဝေဒနာဖြစ်ရခြင်း အကြောင်းမှာ မျိုးရိုးလိုက်ဖြစ်တာဟု သိရပြီး သူ့ကိုလွှတ်ပေးထားလျှင် တွေ့ရာ ကလေး၊ လူကြီးပါမကျန် တုတ်နှင့် လိုက်ရိုက်တတ်သောကြောင့် ထိုသို့ သံကြိုးချည်ထားရခြင်းဖြစ်ကြောင်း သူ့မိဘများမှာလည်း တစ်ရက် (၃)ကြိမ်လာကြည့်ကြောင်း ထမင်းစားရန်ကိစ္စ၊ အပေါ့အလေးသွားရန်ကိစ္စများကို မိဘများမှ လာရောက် လုပ်ကိုင်ပေးသည်ဟု သိရှိရပါသည်။

{ မှတ်တမ်း ဗီဒီယို }
ထိုစိတ်ဝေဒနာရှင်လူငယ်အား ကျွန်တော်တို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ တတ်နိုင်သလောက် ကူညီပြီး ဆေးကုသပေးချင်ပါသည်။ မည်သို့မည်ပုံကူညီလျှင်တော့ ပို၍အဆင်ပြေနိင်မည်၊ စသောအကြံကောင်း၊ နည်းလမ်းကောင်းများရှိပါက မိဘပြည်သူ ညီအစ်ကိုမောင်နှမများမှ အကြံဥာဏ်ပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

 ပုထုဇနော ဥမ္မတကောတဲ့ ပုထုဇဉ်လူသားတွေဟာ အရူးတွေဘဲဆိုတဲ့အတိုင်း ပုထုဇဉ် လူသားထဲက လူချင်းမို့ အရူးချင်းအတူတူ ရွာအပြင်ပို့ခံထားရတဲ့ အပယ်ခံလူသားအား တကယ်အမှန် ကူသွားကြပါစို့လားဗျာ။။။။။။။။။။။

ကျေးဇူးရှင်တို့အား ဦးထိပ်ပန်ဆင်လျှက်.............
                             သတင်းဆောင်းပါရှင် ။       ။      ဦးတင့်ဆွေ 
( ဥက္ကဌ - မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ် )

မဇ္ဈိမလူမှုကူညီရေးအသင်း 

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -