Posted by : saihlamin Monday, January 20, 2014



ချန်ပီယံ နှစ်သစ်လက်ဆောင်
ဆောင်းပါးရှင်။      ။ ဒေါ်သန်းသန်းဌေး

             မဇ္ဈိမ လူမှုကူညီရေးအသင်း (၁) နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ၁၂ ရက် ၁၂ လ ၂၀၁၃ ဒီနေ့ ကျမတို့ မဇ္ဈိမလူမှုကူညီရေးအသင်း၏ ၁ နှစ်ပြည့် ဖြစ်ပါတယ်။ မနက် ၁၁ နာရီ အချိန်မှာတော့ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ထဲရှိ မဟာမြတ်မုနိ ဆရာတော်ဘုရားကြီးကျောင်းမှာ အသင်းသူ အသင်းသား နာယက စုံညီစွာနှင့် စုပေါင်းဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပါတယ်။

ဒီနေ့အတွက် နာယက ဆရာတော်ဘုရားကြီး ဆုံးမသြ၀ါဒကို ခံယူကြရဒါ ၀မ်းသာပီတိ ဖြစ်ကြရပါတယ်။ “ချန်ပီယံ’’ ဆိုတဲ့ ဆရာတော်ဆုံးမ ဟောကြားခဲ့တဲ့ စကားလေးကို နှလုံးသားထဲမှာ အားလုံး အမှတ်ရနေမိပါတယ်။ ကျမတို့အသင်းရဲ့ အောင်မြင်မှု ပေးဆပ်ကူညီမှု ၁ နှစ်ပြည့် ရောက်ပြီဆိုတော့ ချန်ပီယံ ဆုရတာနဲ့ အတူတူ ပါပဲလို့ ဆရာတော်ကြီး မိန်ကြားခဲ့ပါတယ်။ ချန်ပီယံဆုရဖို့ အသင်းသူအသင်းသား အားလုံး စုပေါင်းကြိုးစားခဲ့ရတဲ့ ရလဒ်တစ်ခုပါ။ ချန်ပီယံ တစ်နှစ်ရပြီးရင် နောက်တစ်နှစ် ဆက်တိုက်ရဖို့ ပိုပြီးကြိုးစားကြရမှာ ဖြစ်ပါတယ်။ ချန်ပီယံ နှစ်နှစ်ဆက်တိုက်ရပြီးရင် သုံးနှစ်ရဖို့အတွက် ပိုပြီးကြိုးစားကြရမှာ ဖြစ်သလို ပိုပြီးတည်တံ့အောင် ထိန်းသိမ်းကြရမှာ အသင်းသူအသင်းသား အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။

ဒီလိုရေရှည်တည်တံ့ပြီး အောင်မြင်အောင် အသင်းသူအသင်းသားတွေ စည်းစည်းလုံးလုံး ရှိကြဖို့ သည်းခံစိတ် ထားပြီး အနှစ်နာခံ ပေးဆပ်ကြမှ အောင်မြင်မှု သရဖူချန်ပီယံဆုကြီးကို နှစ်စဉ်ဆက်တိုက်ရရှိနေမှာ ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့လေးမှာပဲ မွေးဖွားခြင်းလက်ဆောင်အဖြစ် နှစ်ပတ်လည်နေ့လေးကို ယူဆောင်လာခဲ့ပြန် ပါတယ်။ 

အသင်းသားတစ်ဦးဖြစ်တဲ့ မောင်ပြည့်ဖြိုးမောင်ရဲ့ ဇနီးဖြစ်သူ အမ်းမွေ့ယိမ်းမှာ မီးဖွားရန် ဆေးရုံတက်ရောက်နေသည်မှာ ၃ ရက်ရှိပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ပတ်လည်နေ့မှာပဲ အံ့သြစွာ ချစ်စရာသမီးလေးကို မွေးဖွားခဲ့ပါတယ်။ မဇ္ဈိမရဲ့ မျိုးစက်သစ်လေးပေါ့ အတိတ်ကောင်း နိမိတ်ကောင်းလေး တစ်ခုရယ်ပါ။ ဥက္ကဌ နှင့်တကွ အသင်းသူအသင်းသားများလည်း ၀မ်းသာပိတိဖြစ်နေကြရပါတယ်။

တချိန်ထဲမှာပဲ သေဆုံးခြင်းခရီးတစ်ခုကို ကြုံတွေ့ရပြန်ပါတယ်။ ၀မ်ကျောက်လုံ ကျေးရွာမှာ နေထိုင်တဲ့ မစောဝတ်ရည်ဟာ ကိုးဆယ့်ခြောက်ပါးရောဂါဖြင့် သေဆုံးသွားသည့်အတွက် အသင်းမှနာရေးကူညီမှု ဆောင်ရွက်ပေးရပါတယ်။ နေ့လည်တစ်နာရီမှာပဲသူမရဲ့ သေဆုံးခြင်းခရီးကို နာယက၊ ဥက္ကဌအသင်းသူ အသင်းသားများ စုံညီစွာဖြင့် မြို့မသုသာန်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့ကြရပြန်ပါတယ်။ ကျန်ရစ်သူ မိသားစုရဲ့ ပူဆွေငိုကြွေးနေပုံကို ကြည့်ပြီး ကျမတို့စိတ်မကောင်းခြင်း ၀မ်းနည်းခြင်းများနှင့် ကြုံတွေ့ခဲ့ရပါတယ်။ 

ညနေ ရောက်ပြန်တော့ အသင်းသူအသင်းသားများ စုံလင်စွာနှင့် နှစ်ပတ်လည် ကိတ်မုန့်ကို ပျော်ရွှင်စွာ ဥက္ကဌကို ဂုဏ်ပြု ကြိုဆိုခဲ့ကြပြန်ပါတယ်။ နောက်ထပ် တစ်ချိန်ထဲမှာ သိလိုက်ရပြန်တာကတော့ ကျမတို့အသင်းမှ စည်းကမ်းထိန်သိမ်းရေး တစ်ဦးဖြစ်တဲ့ ကိုတင်အေးရဲ့၄၇ နှစ်ပြည့်မွေးနေ့ လည်းဖြစ်နေတာသိရတော့ ကိုသင်အေးကို အံ့သြ၀မ်းသာစေမဲ့ လက်ဆောင်များနှင့် မွေးနေ့ကိုထပ်မံဂုဏ်ပြု ကြိုဆိုပေးခဲ့ပါတယ်။ ကိုတင်အေးရဲ့ ရင်တွင်းစကားကတော့ သူ့ဘ၀တစ်သက်သာမှာ သူရဲ့မွေးနေ့ကို ဒီလိုမြင်ရမယ်လို့ ဘယ်တုန်း ကမှ မထင်ထားခဲ့လို့ ၀မ်းသာဝမ်းနည်း မျက်ရည်များဝဲလို့ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအဖြစ်အပျက်တွေကိုကြည့်ရင်း ၁ နှစ်ပြည့်နှစ်ပတ်လည်နေ့ဟာ အသင်းကြီးအတွက် ထင်ကျန်ရစ်တဲ့ အမှတ်တရ ထူးခြားစွာ ကြုံဆုံရတဲ့ နေ့လေးပါပဲ။ တိုက်ဆိုင်တယ်ဆိုရင်တောင် မွေးဖွားခြင်းတစ်ခုဆို ရပြီပေါ့ ခုတော့ လူ့လောကထဲကို အပြစ်ကင်းပြီးချစ်စရာ လူသားလေးတစ်ယောက်ရောက်ရှိလာသလို မိခင် လူသားတစ်ယောက်ကို သေခြင်းတရားက ခေါ်ဆောင်သွားခဲ့ပြန်ပါတယ်။

နှစ်ပတ်လည်ကိတ်မုန့်ကို အသင်းအလံတွေ စိုက်ထူလို့ ဥက္ကဌဖြစ်တဲ့ ဦးတင့်ဆွေကို ကြိုဆိုကြတော့ အံ့သြ၀မ်းသာစွာ ပိသိတွေနဲ့ ပြုံးသွားတဲ့ အပြုံးကို အသင်းသူအသင်းသား မောင်နှမတွေ တွေ့လိုက်ရတော့ ၀မ်းသာကြည်နူးမဆုံးပါဘူး။ မွေးနေ့နဲ့တိုက်ဆိုင်လို့ အသင်းသားများရဲ့ အသိအမှတ်ပြုခြင်းကိုခံရတဲ့ ကိုတင်အေးရဲ့ ၀မ်းသာဝမ်းနည်း ဒွန်တွဲလို့ ၀ဲနေတဲ့မျက်ရည်ကိုလည်း တွေ့လိုက်ရပြန်ပါတယ်။ 

ဒီအကြောင်း တွေဟာ တိုက်ဆိုင်မှုတစ်ခု ဖြစ်မယ်ဆိုရင်တောင် သံဝေက ယူတတ်ကြဖို့ အသင်းသူအသင်းသားများအတွက် ဘုရားရှင်က  ဖန်ဆင်ပေးလေသလားလို့တောင် ထင်မိပါတယ်။ ပရဟိတ လုပ်ဆောင်နေကြတဲ့ သူတွေ စိတ်ဓါတ်ကြံ့ခိုင်အောင် မီးမှောင်းထိုးပြသလို ၀မ်းသာခြင်း ၀မ်းနည်းခြင်း အံ့သြခြင်း ပီတိဖြစ်ခြင်းတွေဟာ တစ်နေ့ထဲမှာပဲ ကြုံဆုံခဲ့ရပါတယ်။

မဇ္ဈိမအလယ်လမ်းကို ဘုရားရှင်ရဲ့ လမ်းစဉ်လို့ ဆိုထားပါတယ်။ ဒါကြောင့်လည်း အသင်းနှစ်ပတ်လည်နေ့မှာပဲ မွေးဖွားခြင်းရှိသလို သေဆုံးခြင်း၊ အံ့သြခြင်း၊ ပျော်ရွှင်ခြင်းတွေကို မြတ်စွာဘုရားက ကျမတို့ မဇ္ဈိမလူမှုကူညီရေးအသင်း အတွက် ခံနိုင်ရည်ရှိတဲ့ စိတ်ဓါတ် စွမ်းအားတွေဖြစ်အောင် ဖန်ဆင်းပေးခဲ့တယ်လို့ ဆိုရင် မှားလိမ့်မယ်မထင်ပါဘူး လူ့ဘ၀ရဲ့ ခဏသာ ဒီအချိန်လေးအတွင်းမှာပဲ ကြုံတွေ့ရမယ့် အဖြစ်တွေက ယူတတ်ရင် သင်ခန်းစာတွေ ကုသိုလ်တွေပါပဲ နာယက ဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒစကားလေးကတော့ သူ့မေဓါ ရှင်ရသေ့လို စွန့်ခြင်းများသည်းခံခြင်းများ ပေးဆပ်ခြင်းများကို အတုယူ နှလုံးသွင်းကြဖို့ ချီးမြင့်ပေးလိုက်တဲ့ တရားဆုကိုတော့ နှလုံးသားထဲထိ စွဲညှိလို့ သွားပါတော့တယ်။

တစ်နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာထိ အသင်းကြီးခိုင်မြဲအောင် တည်တံ့အောင် မပြိုကွဲအောင် ကျမ တို့ အသင်းသူအသင်းသား မောင်နှမတွေအားလုံး လက်ကိုမြဲမြဲချိတ်လျှက် အောင်မြင်မှု ချန်ပီယံဆုကြီးကို သည်းခံခြင်း နားလည်ခွင့်လွတ်ခြင်း စာနာသနားခြင်းတွေနဲ့အတူ လူကိုလူလို့မြင်ပြီး လူတန်းစားမခွဲခြား ဘာသာမခွဲခြားပဲ အတူညီကြတဲ့ စိတ်ဓါတ်တွေကို တူညီအောင် ရအောင်ညှိနှိုင်းပြီး ဆက်လက်တည်တံ့အောင် ၀ိုင်းဝန်းကြိုးစား လက်တွဲခေါ်ဆောင်သွားကြပါစို့လို့ တိုက်တွန်းရင်း နှစ်သစ်လက်ဆောင်အဖြစ် ဒီဆောင်းပါလေးကို နှလုံးသားထဲမှလာသော စကားလုံးများဖြင့် သီကုံးလိုက်ရပါတယ်။
အများအတွက်အမြဲပေးဆပ်နေမဲ့
ဒေါ်သန်းသန်းဌေး
မဇ္ဈိမလူမှုကူညီရေးအသင်း

ဆောင်းပါးပြီးဆုံးချိန်
၂.၁.၂၀၁၄ ၊ နံနက် ၃ နာရီ ၅၅ မိနစ်

မဇ္ဈိမလူမှုကူညီရေးအသင်း 
www.mizzimasas.com

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -