Posted by : saihlamin Monday, January 20, 2014


၂၀၁၃ခုနှစ်၂၀ရက် နံနက်(၁၀:၃၀)နာရီတွင် မဇ္ဈိမလူမှုကူညီရေးအသင်းသား/သူ (၁၆)ယောက်နှင့် ASG အဖွဲ့မှ(၆)ယောက် တို့သည် ကားလေးစီးဖြင့် ခရီးစထွက်ခဲ့ပါတယ်။ ခရီးစဉ်ကတော့ HIV ဝေဒနာသည်တွေကို အသေအချာ မကယ်နိုင်ပေမယ့်သူတို့ရှင်သန်နေချိန်လေးမှာ ဖြေသာမယ့် ဆေးတစ်ခွက်အဖြစ် တိုက်ကြွေးဖို့ပါ။



ကျွန်တော်တို့တာချီလိတ်မြို့မှ တာလေမြို့သို့ရောက်တော့ တာလေမြို့ရှိ World Vision မှ တာဝန်ရှိသူများမှ နွေးထွေးစွာကြိုဆိုကြပါတယ်။ HIV ဝေဒနာသည်များစွာကိုလည်း တွေ့ရပါတယ်။ ဦးစွာတာဝန်ရှိသူ ဆရာမမှ မှတ်တမ်းတင် Camera သမားအားရှေ့တည့်တည့်မှ ဓာတ်ပုံမရိုက်ဖို့ မေတ္တာရပ်ခံပါတယ်။

နားလည်ပေးပါတယ် ဆရာမရယ်။ ဝေဒနာသည်တွေထဲမှာ လူသိမခံချင်ကြတဲ့သူတွေလဲ ပါနိုင်တာကိုး၊ တာဝန်ရှိသူ ဆရာမမှ ရှင်းလင်းပြောပြသည်မှာ တာလေမိုင်းလင်း ပတ်ဝန်းကျင်မှ ဝေဒနာသည်တွေစုပြီးအဖွဲ့လေးဖွဲ့ပေးထားတယ်ပေါ့၊ တစ်လတစ်ကြိမ် အစည်းအဝေးလုပ်ပါတယ်၊တစ်လကို တစ်ယောက် ( ၂၀ဘတ်၃၀ဘတ် )စုပြီး ရန်ပုံငွေသဘောမျိုး လုပ်ထားပါတယ်တဲ့၊ယခုနှစ်သောင်းကျော်ရှိပါပြီ ဒါပေမယ့်သူတို့ကို ပြန်ချေးပေးထားတာက ၆၀၀၀၀ဘတ်ကျော် ရှိပါတယ်တဲ့ တစ်ယောက်နှစ်ထောင်ဘတ်/သုံးထောင်ဘတ်ချေးကြတယ်တဲ့ ခြောက်လအတွင်း အားလုံးပြန်ဆပ်ရတယ်တဲ့ ASGမှ သူတို့ကို ငွေသားထုတ်ပေးလို့ မရပါဘူးတဲ့၊ ကျန်းမာရေးအရ
ဆေးခန်းပြမယ် ဆေးရုံတက်မယ် ဆိုရင်တော့ ဆေးရုံတက်သူ လူနာကို သုံးထောင်ဘတ် ထုတ်ပေးပါတယ်တဲ့၊ သူတို့စုငွေနှစ်သောင်းကျော်အပြင် ကျန်ငွေကို World Visionမှ စိုက်ထုတ် ချေးငှားပေးထားကြောင်း စိတ်ရှည်လက်ရှည်ရှင်းပြပေးပါ တယ်။

အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်းငံအ၀တ်အစား(၁၃၀)ထည်တို့နှင့် အထွေထွေသုံးနိုင်ရန်(၅၀၀၀)ဘတ် လှူဒါန်းပေးခဲ့ပြီး တာချီလိတ်ASGမှ ကျောင်းသုံးဗလာစာအုပ်၅၅ဒါဇင် လှူဒါန်းပေးခဲ့ပါတယ်၊ လှူဒါန်းမှု အစီစဉ်ပြီးတော့ ဝေဒနာသည်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောဖြစ်ပါတယ်။



အဓိက ကျွန်တော်တို့လာရောက်ရတဲ့ အကြောင်းအရင်းကို ပြောပြပါတယ်။ဒီလိုငွေကြေးဥစ္စာ လာရောက်ကူညီပေးခြင်းသည် အဓိကမဟုတ်ကြောင်း ဝေဒနာသည် အချင်းချင်း စုပေါင်းအသင်းဖွဲ့ထားသည်ဟုသိရလို့ တွေ့ဆုံလိုတဲ့ဆန္ဒနဲ့လာခဲ့တာပါ။ အဓိကဖြစ်စေချင်တာက စိတ်ဓာတ်မကျဖို့ပါ ရပ်ထဲရွာထဲမှ ခွဲခြားနှိမ့်ချဆက်ဆံသူများနှင့် တွေ့ပါက သည်းခံစိတ်မွေးပြီး ဘာမှမတုန့်ပြန်ပါနဲ့ အားငယ်စိတ်လည်း မမွေးမိပါစေနဲ့ ချက်ချင်းသူတို့ နှိမ်ချင် နှိမ်ကျပါစေ ငါတို့ကိုခွဲခြားနှိမ့်ချချင်းမပြုပဲ အချိန်မရွှေးကူညီပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့ တွေရှိတာ ပဲ ဆိုပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှု ပြန်ဆောက်တည်အားမွေးပါ၊ ဆေးပုံမှန်သောက်ပါ၊ တစ်ဦးနှင့် တစ်ဦးပိုပြီးနွေးနွေးထွေးထွေး ဆက်ဆံကြပါလို့ပြောပြပေးသည်ကို တာဝန်ရှိဆရာမမှ တိုင်းရင်းသားဘာသာစကားဖြင့် ပြန်ပြောပြလိုက်ပါတယ်။

ဆရာမပြောပြပြီး ခဏမှာပဲရှေ့ဆုံးညာအစွန်မှ ဝေဒနာသည်အမျိုးသမီးတစ်ဦးမှ မတ်တပ်ရပ် လက်အုပ်ချီပြီး ကျေးဇူးတင်ကြောင်း ဒါမျိုးလုံးဝမမျှော်လင့်ပဲ ယခုလိုပြောစကားကြားသိတွေ့မြင်ရလို့ ၀မ်းသာမိကြောင်းပြောဆိုရင်း ငိုပါတော့တယ် သူငိုတော့ သူနောက်က ဝေဒနာသည် အမျိုးသမီးတော်တော်များများ လိုက်ငိုတာကိုတွေ့ရတယ်၊ မျက်ရည်ကျယုံမဟုတ်ဘူးခင်ဗျာ သူတို့အားရပါးရငိုတာကို ထူးဆန်းစွာတွေ့ရတယ် ပြဿနာကစပါပြီ ကျွန်တော့မှာ မျက်မှန်တပ်မထားမိဘူး။ မခံစားနိုင်ဘူးဗျာ အဲဒါမျိုးတွေတွေ့ရရင် . . . . ရှေ့တည့်တည့်က မမ မဇ္ဈိမတို့ ကြည့်လိုက်တော့လည်း သူတို့တွေကပါ လိုက်ငိုနေတယ်၊ နံဘေးကစာရေးဆရာမ ကျွန်တော်တို့အသင်းရဲ့ အတွင်းရေးမှုးကလည်း မျက်ရည်တွေကြလို့ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ မောင်စောလှမင်းကို လှမ်းကြည့်လိုက်တော့ မျက်ရည်တွေဝဲပြီးခန်းမအပြင် ထွက်သွားတာကိုတွေ့လိုက်ရတယ်။


Camera တွေကိုင်ထားတဲ့ မှတ်တမ်းသမားတွေသည်လည်း တစ်ယောက်မှရိုက်ကူးနေတာမတွေ့ရပဲ Cameraတွေကိုင်ပြီး မျက်ရည်တွေဝဲလို့ ရပ်နေကြတယ် တော်တော်ကိုခံစားလိုက်ရတဲ့ အချိန်လေးပါ ချက်ချင်းသူတို့ကို ပြောလိုက်ရတယ် ကျွန်တော်တို့က အားပေးစကားပြောပေးတာပါ အဲဒီလို မျက်ရည်တွေကျနေတော့ ကျွန်တော့အသင်းက ကလေးမတွေပါငိုကုန်ပြီ သူတို့ကိုပြန်ပြီးအားပေး စကားပြောပေးလိုက်ကြပါအုံးလို့ ပြောမှ အသင်းသူတွေ သတိဝင်ကာ အရှိန်သပ်သွားပါတယ်၊

ဒါကို World Vision မှဆရာမက ဘာသာပြန်ပေးလိုက်တော့ သူတို့ပါသဘောကြပြီး ၀ိုင်းရယ်ကြပါတော့တယ်၊ တော်သေးတာပေါ့လို့ တွေးပြီးသက်ပြင်းလေး ခိုးချကာ ဘာပြောစရာများ ရှိကြသေးလဲပြောကြပါလို့ ဆက်ပြီးမေးတော့ ရှေ့တည့်တည့် နှစ်ခုံကျော်မှ အမျိုးသမီးကြီးတစ်ဦးမှ ထိုင်လျှက်ပြောနေပါတယ် သူ့မှာအဖေလဲမရှိတော့ဘူး၊ အမေလဲမရှိတော့ဘူး၊ယောင်္ကျားကလဲသေပြီတဲ့ ကလေးနှစ်ယောက်နဲ့ ဘာအလုပ်မှလဲမရှိဘူးလို့ပြောပြီး ငိုပြန်ရောဗျာ အဲဒီအခါ စာရေးဆရာမ သော်သော်ထိုက်(ခ) ဒေါ်သန်းသန်းဌေးမှ လှမ်းပြောနေပါတယ်၊ အားမငယ်ပါနဲ့တဲ့ ယခုကျွန်မတို့နဲ့တွေနေရပြီလေ ဒါဆွေမျိုးတွေမောင်နှမတွေပဲလေလို့ပြောပြောဆိုဆို အနားသွားကာ လက်ကလေးကို ကိုင်ပြီး နှစ်သိမ့်အားပေးစကားများပြောကြားနေတာကိုတွေ့လိုက်ရပါတယ်၊

သူတို့ရှမ်းလိုပြောနေကြတာပါ ခဏအတွင်း အားလုံးပုံမှန်ဖြစ်သွားတဲ့ အချိန်မှာတော့  World Vision မှ ဆရာမကပြောပါတယ် ခုလိုတွေ့မြင်ရတာဝမ်းသာပီတိဖြစ်မိကြောင်း သူတို့တွေ ကျတဲ့မျက် ရည်ဟာဝမ်းသာလွန်းလို့ပါတဲ့ ကျေးဇူးအထူးတင်ကြောင်းပြောပါတယ်၊

မိုင်းကိုးမှာလည်း ဝေဒနာသည်တွေရှိသေးကြောင်း အဲဒီကြရင်လည်း ဖိတ်ပါအုံးမယ် လာခဲ့ပေးပါအုံးတဲ့ ဟုတ်ကဲ့ပါစိတ်ချ ကျွန်တော်တို့ ဆက်ဆက်လာခဲ့ပါမယ်လို့ပြောရင်း အားလုံးကိုနှုတ်ဆက်လိုက်ချိန် သူတို့အားလုံးမတ်တပ်ရပ်ကာ လက်ခုပ်တွေတီးပြီးနှုတ်ဆက်တာမြင်တွေ့လိုက်ရတော့ ကြက်သီးများတောင်ထမိတယ်ဗျာ ခန်းမအ၀ရောက်တော့ အနွေးထည်ထူထူဝတ်ထားတဲ့ အသက်(၇၀)ကျော် မြန်မာအဖွားအိုတစ်ဦးကိုတွေ့ရပြန်တယ်။

လက်ကလေးကိုကိုင်ကာနှုတ်ဆက်ပြီး အဖွားဘာလုပ်နေတာလဲဆိုတော့ သူမြေးလေးကိုစောင့်နေတာတဲ့ အဖွားကိုမေးမြန်းစပ်စုမယ်လုပ်တုံး မှတ်တမ်းဓာတ်ပုံရိုက်မယ်ပြောလို့ အဖွားကို နှုတ်ဆက်ပြီး ထွက်လာရပါတယ်၊ မှတ်တမ်းဓာတ်ပုံများရိုက်ပြီး စိန်ပန်းနီနီ ထမင်းဆိုင်မှာ နံနက်စာထမင်းကို နေ့လည်(၂း၃၀)မှာစားပြီး ပြန်အလာ ကားပေါ်မှာ ပါလာသူကျွန်တော်တို့မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ပြန်ကြားရေး(၃) သားကြီး(ခ)မျိုးမင်းဦးကို ပြောမိတာကတော့ သူတို့တွေသမီးပျိုအရွယ်ရောက်ရင် ငွေရှာခိုင်းတယ် ငွေတွေရလာပါပြီ တိုက်တွေဆောက်ပါပြီး၊ ကားတွေဝယ်စီးကြပါပြီ၊ ဘယ်လောက် ပျော်ရမလဲညီလေး၊ စဉ်းစားကြည့်ပါ၊အဲဒီသမီးပြန်လာချိန်မှာ ရောဂါနဲ့တွေ့ရရင် အဲဒီအဖေအမေဒီအိမ်၊ ဒီကား၊ ဒီငွေကြေး ဥစ္စာတွေမြင်ရတိုင်း၊ သုံးနေရတိုင်း ဘယ်လောက်ခံစားရမလဲ သုံးရက်ပါတော့မလား ညီလေးရာလို့ ပြောမိလိုက်တယ်၊

အဲဒီအချိန်မှာ မထင်မှတ်သော စကားတစ်ခွန်းကိုကြားလိုက်ရတယ်၊ တချို့မိဘတွေဆို ယောင်္ကျားနောက်တစ်ယောက်တောင် အတင်းယူခိုင်းတာတွေ ရှိတယ်ဘလေးလို့ ကားနောက်ခန်းမှ တစ်ယောက်ကလှမ်းပြောလိုက်တယ်. . . . . . . . . "ဟုတ်လား !" ဆိုတဲ့စကားတစ်ခွန်းကလွဲလို့ ကျွန်တော် ဘာမှမပြောနိုင်တော့ပါ၊ အလိုက်သိစွာ နံဘေးမှသားကြီးက ဘလေးကွမ်းစားမလားတဲ့ စားမယ်သားလို့ပြောပြီး ကွမ်းတစ်ယာညှက်ခန့် ကားပေါ်မှာ တိတ်စိတ်ညိမ်သက်လို့သွားပါတော့တယ်၊

ခဏကြာတော့ ကျွန်တော်စကားပြန်စမိပါတယ် ဘာပဲပြောပြောညီလေးရာ အကိုတို့ဒီခရီးက ရင်ထဲတခုခုတော့ရောက်တယ် မဟုတ်လားလို့ မေးကြည့်တော့ သားတော့ကျေနပ်တယ်တဲ့ ဘလေးပြောတာကြိုက်လို့ သားစာနဲ့ ရေးမှတ် ထားတယ်တဲ့ ဘလေးလဲ ကျေနပ်ပါတယ်ကွာ၊ တို့တတွေရဲ့ အားပေးကူညီမှုတွေ ဟာ သူတို့ နှလုံးသားထဲ အထိရောက်သွားတာမြင်ရသလိုတို့တွေလည်း ထပ်တူနှလုံးသားထဲကလာတဲ့ လှုပ်ရှားသံစဉ်တွေအပြည့်ပါတဲ့ ဆေးတစ်ခွက်တိုက်လိုက်ရတယ်လို့ ခံစားမိတယ်ညီလေး. . . . .    
  
  ဒါကြောင့်ဝေဒနာသည်များအတွက် နှလုံးသားထဲကဆေးတစ်ခွက်လို့ ဆောင်းပါးခေါင်းစဉ်လေး ရွေးပြီးဆောင်းပါးတစ်ပုဒ် ရေးလိုက်မယ်လို့  ပြောရင်း ကားကိုဆက်လက်မောင်းနှင်လာရာ နေ့လည်(၃း၃၀)နာရီမှာ တာချီလိတ်မြို့ကို ပြန်လည် ရောက်ရှိပါတော့တယ်ခင်ဗျာ. . .

 အားလုံးကိုကျေးဇူးတင်လျှက်
 ဆောင်းပါးရှင် ဦးတင့်ဆွေ { မဇ္ဈိမလူမှုကူညီရေးအသင်း }

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -