အဆိုပါအဖွဲ့တို့သည် နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့မှ စတင်ထွက်ခွာခဲ့ကြရာ ပါဆာ/ဆမ်ဖူး သို့ (၁၁)နာရီအချိန်မှာ ရောက်ရှိခဲ့သည်။ ဆမ်ဖူးသို့ မရောက်မီ မူလတန်းကျောင်းမှာ ဆရာမလေး မနှင်းအိဖြူကို ၀င်ခေါ်ခဲ့ပြီး ဆမ်ဖူးသို့ ဦးတည်ခဲ့ကြသည်။ (၁၁)နာရီအချိန်မှာ ဆမ်ဖူးသို့ ရောက်သောအခါ အဆိုပါအဖွဲ့မှ ကျောင်းဝန်းအတွင်း ဆရာမလေး နေရာအတွက် ရွာမှ ဆောက်လုပ်ပေးထားသော အဆောက်အဦကို ကြည့်ရှုခဲ့ကြရာ အဆောက်အဦအတွင်း လိုအပ်နေသည့် သစ်များ နှင့် အ၀တ်ဗီဒို တစ်လုံးကို ဦးတင့်ဆွေမှ တာချီလိတ်မှ တဆင့် ၀ယ်ယူကာ ပို့ဆောင်ပေးမည့်အကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်မှ တဆင့် လှူဒါန်းလိုက်သော ဆမ်ဖူး မူလတန်းကျောင်းရှိ ကလေးသုငယ်များအတွက် ရုပ်ပြကာတွန်းများနှင့် မိုးသောက်ပန်းကာတွန်းရုပ်ပြ စာစောင်များကို ကျောင်းအုပ်ဆရာမကြီး ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဌေး နှင့် ဆရာမလေး မနှင်းအိဖြူတို့အား အထွေထွေအသုံးပြုနိုင်ရန်အတွက် ဦးတင့်ဆွေမှ ဘတ်(၁၀၀၀)စီ ပေးအပ်ခဲ့ပြီး တဆက်တည်းမှာပင် ဆရာမလေး မနှင်းအိဖြူအား အသင့်ဝယ်ယူလာသော ဆန်တစ်အိတ် နှင့် ဆီတစ်ပုံးအား ပေးအပ်ထောက်ပံ့ခဲ့ပါသည်။
{အသက် ၁၁၀ နှစ် အဖွားအို နှင့် အတူ}
{အသက် ၁၁၀နှစ်ရှိ အဖွားအိုနှင့် အမှတ်တရ}
ဆက်လက်ပြီး ဥက္ကဌ ဦးတင့်ဆွေမှ အဆိုပါကျေးရွာသို့ ကွင်းဆင်းသွားရောက်စဉ်က တစ်ညတာ အိပ်စက်ခဲ့ဖူးသည့် နေအိမ်သို့သွားရောက်ပြီး အသက်(၉၅)နှစ်ရှိ ဘိုးထောက်ခက် နှင့် အသက်(၈၁)နှစ်ရှိ အဖွားအို ဒေါ်နန်းနော်တို့အား ကန်တော့ခဲ့ကြပြီး ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် ဘတ်(၁၀၀၀)စီ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ထိုမှတဆင့် ရွာဦးဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အား ဖူးမျှော်ပူဇော်ကန်တော့ခဲ့ကြရာ ဆရာတော်မှ ကျေးရွာနှင့် စစ်တပ်မှ မြေတူးရင် တွေ့ရှိလာသော ပေါ်တော်မှု ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား ပြသခဲ့ပြီး အဆိုပါ ရုပ်ပွားတော်၏ သက်တမ်းမှာ နှစ်ပေါင်း (၇၀၀)ခန့်ကြာပြီဖြစ်ကြောင်း ရှင်းပြလာပါသည်။
ရွာဦးကျောင်းမှ တဆင့် စာသင်ကျောင်းသို့ ပြန်လည်သွားရောက်ပြီး ကျောင်းအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် မဇ္ဈိမလူမှုကူညီရေးအသင်း၏ သီချင်းတပုဒ်ဖြစ်သော မဇ္ဈိမအလင်းအိမ် သီချင်းအား အားလုံးသီဆိုကြကာ နှုတ်ဆက်ခဲ့ကြသည်။ ထိုသို့ နှုတ်ဆက်သည့်အချိန်တွင် အသင်းမှ ကူညီပေးခဲ့သော ဆရာမလေး မနှင်းအိဖြူမှာ ၀မ်းနည်းဝမ်းသာမှုကြောင့် မျက်ရည်ကျပြီး ငိုနေသည့်အတွက် အသင်းသူ အသင်းသားများမှ နှစ်သိမ့်ပေးကာ ဆမ်ဖူးရွာမှ မဇ္ဈိမအသင်းသူ အသင်းသားများ ပြန်လည်ထွက်ခွာခဲ့ကြပါတော့သည်။
ပုံများကိုကြည့်ရန်
145 photos
မဇ္ဈိမလူမှုကူညီရေးအသင်း
လူမျိုး ဘာသာ
ဆင်းရဲ ချမ်းသာ မခွဲပါ
စွမ်းသမျှ အကုန် ပေးဆပ်မှာ
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏
ဆောင်ပုဒ်ပါ။







