Posted by : saihlamin Thursday, November 14, 2013


သတိနဲ့အသိကြောင့် ၀မ်းသာပီတိဖြစ်ရ ( ဖြစ်ရပ်မှန် ဆောင်းပါး )

Written By Mr.Administrator on Wednesday, 3 July 2013 | Wednesday, July 03, 2013

၂၀၁၃ခုနှစ် ဇွန်လ(၅)ရက်နေ့ နေ့လည် (၁)နာရီခန့်က မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ ပြန်ကြားရေးဖုန်းကို ဖုန်းဝင်လာပါသည်။ ဓမ္မသစ္စာဘုန်းကြီးကျောင်းမှ ဆရာတော် ဦးကောဝိဒရဲ့ ဖုန်းဖြစ်နေလို့ အရှင်ဘုရား ဘာများတပည့်တော်တို့အသင်းမှ ကူညီပေးရမလဲလို့ လျှောက်ထားလိုက်တော့ "ဆေးရုံမှာ မီးလောင်ဒဏ်ရာနဲ့ ဒကာတစ်ယောက် ဒုက္ခရောက်ပြီး ဆေးကုသဖို့ အခက်အခဲဒုက္ခရောက်နေတဲ့အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းက ကူညီပေးတယ်လို့ကြားရလို့ ဖုန်းဆက်အကူအညီ တောင်းခံတာပါ"လို့ မိန့်ကြားလာတဲ့အတွက် ကျွန်မတို့ အသင်းသူ အသင်းသားတွေ တာချီလိတ်ပြည်သူ့ဆေးရုံကို ရောက်ရှိခဲ့ပြီး လူနာကို သွားရောက်တွေ့ဆုံကြည့်ရှုကြသည်။


လူနာရဲ့ နာမည်က ကိုအေးဝင်းဖြစ်ပြီး အသက် ( ၃၆ ) နှစ်ဖြစ်ပြီး ကိုအေးဝင်းဟာ နတ်မောက်မြို့သား၊ ရှမ်းပြည်နယ် မိုင်းဆတ်မြို့မှာ သွားရောက်အလုပ်လုပ်တဲ့သူဖြစ်သည်။ ညနေပိုင်း မှောင်စပြိုးတဲ့အချိန် သူနေတဲ့ တဲလေးမှာ သူငယ်ချင်း(၂)ယောက် ထမင်းစားမလို့ လုပ်ကြသည်။ ထုံးစံအတိုင်း အသောက်အစားရှိတဲ့သူဖြစ်တဲ့အတွက် အရက်သောက်ရင်း မှောင်လာပြီဖြစ်လို့ မီးခွက်မီးထွန်းဖို့ လုပ်တော့ မီးခွက်ထဲမှာ ဆီမရှိတဲ့အတွက် ဓါတ်ဆီကို မီးခွက်ထဲ ထည့်ထွန်းဖို့လောင်းထည့်နေပါသည်။ သူငယ်ချင်း (၂)ယောက်မှ တစ်ယောက်က မီးမမြင်ရလို့ မီးခြစ် ခြစ်လိုက်တော့သည်။

 အဲ့ဒီအချိန်မှာ ဓာတ်ဆီထည့်နေတဲ့ အတွက် မီးခြစ် ခြစ်လိုက်ခြင်းကနေ မီးစွဲလောင်ခဲ့သည်။လက်ထဲမှ လောင်နေတဲ့ မီးခွက်ကို ပစ်ချလိုက်တော့ ကိုအေးဝင်းရဲ့ ကျောပေါ်ကို ဓာတ်ဆီနဲ့ မီးလောင်းချလိုက်သလို ဖြစ်သွားတဲ့အတွက် ကိုအေးဝင်းရဲ့ကျောပေါ်မှာ မီးတောက်ကြီးတောက်လောင်နေခဲ့ပါသည်။

 ဒါ့အပြင် ၎င်းတို့နေတဲ့ တဲအိမ်လေးပါ လောင်မြိုက်ခဲ့ရသည်။ ကိုအေးဝင်းဟာ မီးလောင်လျက် လျှောက်ပြေးနေပြီး လူတွေရောက်တဲ့အချိန်မှာ မြေပေါ်မှာ လူးလိမ့်လိုက်တဲ့အတွက် ကျောပေါ်မှာ လောင်နေတဲ့မီး ငြိမ်းသွားခဲ့သည်။ နောက်တော့ မိုင်းဆတ်ပြည်သူ့ ဆေးရုံမှာ ဆေးရုံတက်ကုသခဲ့ရပါသည်။။

မီးလောင်ခံရတဲ့ ကိုအေးဝင်းက "နောက်ကျောမီးလောင်ဒဏ်ရာကို ဆရာမတွေက ဆေးစည်းဖို့ အရေခွံခွာလိုက်တော့ သွေးစိမ်းရှင်ရှင်တွေ ထွက်တာပေါ့။ နာလိုက်တာ မျက်ရည်တောင်ကျပါတယ်။ တချိန်တည်းမှာပဲ အတွေးရလိုက်တာက တချိန်က နတ်မောက်မှာ နေခဲ့တုန်းက ကိုအေးဝင်းဟာ နွားသတ်တဲ့ အလုပ်ကိုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်။ နွားသတ်ခဲ့တဲ့ အချိန်ကလည်း ဒီလိုပဲ နွားရဲ့ကျောက အရေခွံတွေကို ဒီလိုပဲ ဆုတ်ခွာခဲ့ဖူးပါတယ်"ဟု ပြောပါသည်။

ဒီအချိန်မှာ ကိုအေးဝင်းအနေဖြင့် သူ့ရဲ့နောက်ကျောက ဒဏ်ရာ နာကျင်တဲ့ဒဏ်ကို သူမငိုတော့ဘဲ နောင်တ အသိဝင်ခဲ့မိသည်။ ဝဋ်ဆိုတာ ချက်ခြင်း ပြန်လည်တယ်လို့ သိလိုက်ရချိန်မှာ ငါဟာ သူ့အသက်ကိုသတ်ပြီး သူ့ကျောက အရေခွံကို ဆုတ်ခွာခဲ့မိတဲ့ ဝဋ်ဟာ ငါအခုကို မီးလောင်ပြီး ဒဏ်ရာကို အရေခွံဆုတ်ခွာခံနေရတဲ့ နာကျင်မှုဟာ ဝဋ်ကြွေးပြန်ဆပ်နေရတာပဲလို့ သိလိုက်ရချိန်မှာ နောင်တအကြီးအကျယ်ရပြီး နာကျင်မှုကို အံကြိတ်ခံလို့ ဝဋ်ကြွေးဆပ်ရတယ် အသိကို သိလိုက်ရပါသည်။

 မိုင်းဆတ်ဆေးရုံမှာ မသက်သာတဲ့အတွက် တာချီလိတ်ပြည်သူ့ဆေးရုံမှာ ဆက်လက်ကုသဖို့ ရောက်ရှိခဲ့သည်။ တာချီလိတ်ဆေးရုံရောက်တော့ ထပ်မံ ဒဏ်ရာတွေ ဆေးကြောသန့်စင်ဖို့ နောက်ကျောပြင်က အရေခွံအမည်းတွေ ထပ်ခွာခံရပြန်သည်။

ဒီအချိန်မှာတော့ ကိုအေးဝင်းဟာ နောင်တတွေနဲ့အတူ ဝဋ်ကြွေးကို မျက်ရည်မကျဘဲ အံကြိတ်လို့ ပေးဆပ်ခဲ့ရပြန်သည်။ တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းရဲ့ကူညီစောင့်ရှောက်မှုကို ကိုအေးဝင်း တွေ့လိုက်ရတော့ ဒီမဇ္ဈိမလူမှုကူညီရေးအသင်းသာ သူ့ကို မကူညီခဲ့ရင် သူဟာဆေးဆက်ကုသဖို့ မတတ်နိုင်တဲ့အတွက် အသက်ရှင်ဖို့ မလွယ်ကြောင်းပြောပြီး ကျေးဇူးတင်လွန်းလို့ ဒီအသင်းဟာ သူ့ကို အမြင်မှန်တွေ ရစေခဲ့တဲ့အတွက် ဆရာတော်ဦးကောဝိဒ စမ္မသစ္စာမြန်မာရွာဘုန်းကြီးကျောင်းထံမှာ ရာသက်ပန်သူ့တပါးရဲ့ အသက်မသတ်တော့ကြောင်း၊ အရက်ကိုလည်း ရာသက်ပန် မသောက်ဘဲ လှူကြောင်းပြောလာသည်။ ဆရာတော်လည်း ဝမ်းသာလွန်းလို့ ဒီအသင်းရဲ့ ကူညီမှုကြောင့် သူ့ဒကာ ကိုအေးဝင်း အမြင်မှန်ရသွားတာမို့ ကျေးဇူးတင်ကြောင်းပြောသည်။

ဒီလိုပါပဲ ကျွန်မတို့ အသင်းကြီးရဲ့ ကိုယ်စား ဥက္ကဌ ဦးတင့်ဆွေရဲ့ စေတနာမေတ္တာတွေနဲ့အတူ ပေးဆပ်ကူညီခွင့်ရတဲ့အတွက် ကိုအေးဝင်းရဲ့ ရာသက်ပန်စောင့်ထိန်းတော့မဲ့ သီလ(၂)ပါးအတွက် ဝမ်းသာပီတိဖြစ်ရပါသည်။

ကိုအေးဝင်းရလိုက်တဲ့ သတိနဲ့ အသိဟာ အမှန်တရားပါပဲ။ သတိမရှိတဲ့ အတွက် မီးလောင်သည်၊ အသိမရှိတဲ့အတွက် တိရိစ္ဆာန်ရဲ့ အသက်ကိုသတ်ခဲ့ပြီး ဝမ်းစာရှာခဲ့သည်။ ဒါတွေကြောင့် ဝဋ်ကြွေးဟာ ခုဘဝမှာတင် ပြန်ဆပ်ခဲ့ရသည်။ ကြောက်စရာကောင်းတဲ့ ဝဋ်ကြွေးပါ။ အခု သတိ-တရားနဲ့ ဆင်ခြင်ပြီး အသိတရားတွေရှိလာတဲ့အတွက် ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌဦးတင့်ဆွေနဲ့တကွ ကျွန်မတို့ အသင်းသူ အသင်းသားအားလုံးက ကိုအေးဝင်းအတွက် နှိုင်းမရတဲ့ ပိတီဖြစ်ရပါသည်။

ကိုအေးဝင်းတစ်ယောက် အမြန်ဆုံး ဒဏ်ရာတွေပျောက်ပြီး သတိလေးနဲ့အသိတရားတွေကို ရာသက်ပန် ထိန်းသွားတော့မယ်ဆိုတဲ့ စကားကို ကြားရတဲ့အတွက် ကျွန်မတို့မဇ္ဈိမလူမှုရေးကူညီရေး အသင်းကြီး ကလည်း စွမ်းသမျှအကုန်ပေးဆပ်နေအုန်းမှာပါပဲ။ လူသားအားလုံးစာနာစိတ်နဲ့ သတိနဲ့အသိ ရှိနိုင်ကြပါစေ။

ဆောင်းပါးရှင်။      ။ ဒေါ်သန်းသန်းဌေး(မဇ္ဈိမလူမှုကူညီရေးအသင်း)

မှတ်ချက်။ ။ ပုံများသည် ဆောင်းပါရှင်မှ လူနာအား သွားရောက်ကြည့်ရှုစဉ်ဖြစ်ပါသည်။

=--------------=
မဇ္ဈိမလူမှုကူညီရေးအသင်း 

လူမျိုး ဘာသာ 
ဆင်းရဲ ချမ်းသာ မခွဲပါ 
စွမ်းသမျှ အကုန် ပေးဆပ်မှာ 
အဲ့ဒါ မဇ္ဈိမလူမှုကူညီရေးအသင်းကြီး၏ 
ဆောင်ပုဒ်ပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © မဇ္ဈိမရဲ့ ကလောင်မှတ်တမ်း - Skyblue - Powered by Blogger - Designed by Johanes Djogan -